Tuesday, February 14, 2012

ပိုင်ဆိုင်ခွင့်


လူတချို့
နာမည်ကြီးတံဆိပ်ပါတဲ့ ဖိနပ်တွေ
ထည်လဲစီးနေကြချိန်
လူတချို့
ရာဘာဖိနပ်တစ်ရန်အတွက်
အသေအလဲ ကြိုးပမ်းနေရတယ်…..
လူတချို့
Donut ဆိုင်မှာ အပူအပင်ကင်းစွာ
ထိုင်နေကြချိန်
လူတချို့
ထမင်းတစ်နပ်အတွက်
အနိုင်နိုင် အားခဲထားရတယ်….
လူတချို့
အကြီးစား ခြင်္သေ့ရွက်တွေ
ဖောဖောသီသီ သုံးနေကြချိန်
လူတချို့
ရှိစုမဲ့စု အသေးစားငွေစက္ကူတစ်ရွက်ကို
မလေလွင့်အောင် ထိန်းသိမ်းနေရတယ်….
လူတချို့
မာနတွေနဲ့ မော်ကြွားနေချိန်
လူတချို့
ဖြစ်တည်မှု တစ်ခုအတွက်
ယဲ့ယဲ့ကျန်တော့တဲ့
သိက္ခာတွေကို ချ ချ နင်းနေရတယ်….
ဒါပေမဲ့
ဘယ်သူတွေ ဘယ်လိုပဲ
တည်မြဲခဲ့ တည်မြဲခဲ့
ဘယ်သူတွေ ဘယ်လိုပဲ
ပျက်သုဉ်းခဲ့ ပျက်သုဉ်းခဲ့
ဘယ်သူတွေ ဘာတွေပဲ
ပိုင်ဆိုင်ခဲ့ ပိုင်ဆိုင်ခဲ့
ဘယ်သူတွေ ဘာတွေပဲ
ဆုံးရှုံးခဲ့ ဆုံးရှုံးခဲ့
နောက်ဆုံး
လူတစ်ယောက် ပိုင်ဆိုင်ခွင့် ရှိတဲ့အရာက
ကမ္ဘာမှာ မြေတစ်နေရာစာပဲ ရှိပါတယ်။      ။


မှတ်ချက်။          ကျောင်းတုန်းက ထုတ်ဖူးတဲ့ ကဗျာစာအုပ်ထဲက စာရေးသူရဲ့ ကဗျာလေးပါ။ အခုတော့လဲ ခြင်္သေ့ မဟုတ်တော့ဘဲ ဆင်ဖြစ်နေပါပြီ။

1 comment:

  1. ဆင်းရဲမှု ချမ်းသာမှုနဲ့ ဘ၀ကိုရှင်သန်အောင်ဖန်တီးနေပုံလေးကိုဖွဲ့ထားတဲ့ကဗျာလေး
    တော်ရုံကဗျာစပ်ဆိုသူတွေမစဉ်းစားမိဘူး

    ReplyDelete

စာဖတ်သူများရဲ့ ကွန့်မန့်များဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။